ဝင်ရောက်ကြည့်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...

Tuesday, November 20, 2012

e-Government


အစိုးရ၏သတင်းနှင့်ဝန်ဆောင်မှုများကို နိုင်ငံသူနိုင်ငံသား တို့၏ အကျိုးစီးပွားအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး (ICT) နည်းပညာများအား ထိထိရောက်ရောက် အသုံးပြု၍ ဝေငှစွမ်းဆောင်ပေးခြင်းကို e-Government ဟု ဆိုနိုင်ပါသည်။
        အခြားဖွင့်ဆိုချက်တစ်ရပ်မှာ ဆက်သွယ်ရေးနည်းပညာနှင့် အင်တာနက် နည်းပညာများ အသုံးပြုကာ အစိုးရအဖွဲ့အစည်းများအကြား၊ အစိုးရဌာနနှင့် စီးပွားရေးအဖွဲ့ အစည်းများအကြား၊ အစိုးရနှင့် နိုင်ငံသားများအကြား၊ ၀န်ဆောင်မှုပေးရမည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် အကျိုးအမြတ်အများဆုံးရရှိစေသည်အထိ ဆောင်ရွက်ပေးခြင်းကို e-Government ဟု ဆိုနိုင်ပါသည်။
       ထို့အပြင် e-Government သည် နိုင်ငံသားနှင့် စီးပွားရေး အဖွဲ့အစည်းများ က အစိုးရဌာနများနှင့် ပတ်သက်ပြီး သိလိုသည့် အချက်အလက်များကို ၀င်ရောက် ကြည့်ရှုနိုင်သောဗဟိုတံခါးမကြီးအဖြစ် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် အစိုးရနှင့်အစိုးရအဖွဲ့အစည်းများအကြား လုပ်ငန်းများသွက်လက်လျင် မြန်ပြီး စရိတ်သက်သာစွာဖြင့် ပြီးစီးနိုင်စေရန် အစိုးရ၏သတင်း အချက်အလက်များ ကို စီမံခန့်ခွဲထားသည့်စနစ်ဟူ၍ လည်းကောင်း ရှုမြင်ကြပါသည်။

       ယနေ့ခေတ်အခြေအနေ၌ အစိုးရနှင့်နိုင်ငံသူနိုင်ငံသားတို့ အကြား၌သော် လည်းကောင်း၊ အစိုးရနှင့်စီးပွားရေး အဖွဲ့အစည်းများအကြား၌သော်လည်းကောင်း လွယ်လင့်တကူ ဆက်စပ်အသုံးပြုခွင့်ကို ဖန်တီးပေးနိုင်စွမ်းရှိဖို့ လိုလာပါသည်။
       အစိုးရအဖွဲ့အစည်းများ၏ သတင်းအချက်အလက်နှင့် ၀န်ဆောင်မှုသည် အစိုးရ၏ မျက်နှာစာ (Face) ပင် ဖြစ်၏ ။ သတင်း အချက်အလက်နှင့် ၀န်ဆောင် မှုကောင်းက မျက်နှာစာလှမည်။ သတင်းအချက်အလက်နှင့် ၀န်ဆောင်မှုညံ့ပါက မျက်နှာစာမလှမပဖြစ်မည်။
       ထို့ကြောင့် အစိုးရ၏ ဌာနဆိုင်ရာအဖွဲ့အစည်းများသည် ပြည်သူများ၊ နိုင်ငံသူ နိုင်ငံသားများနှင့် စီးပွားရေးအဖွဲ့အစည်းများအတွက် ပိုးကောင်းသည့် ပို၍ပြည့်စုံ သည့်သတင်းနှင့်ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားကြရပါမည်။ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများအကြား အပြန်အလှန်ဆက်စပ်မှု ၊ ပူးပေါင်းဆောင်ရွက်မှုအား ကောင်းလာစေရန် စီမံပေးရပါမည်။
       ထိုမှတစ်ဆင့် သိသင့်သိထိုက်သောသတင်းကို ပြည်သူတွေပိုသိလာနိုင်ပါ မည်။ ထိုအခါ အစိုးရ၏ စီမံခန့်ခွဲမှုယန္တရား ပိုမိုကောင်းမွန်ထက်မြက်ကာ စွမ်းဆောင်ရည်ရှိလာရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပြန်လည်၍ အထောက်အကူ ပြုနိုင်ပါသည်။
       e-Government နှင့် e-Commerce မတူပါ။ e-Commerce ဇောင်းပေးသည့် ဧရိယာနယ်ပယ်မှာ စီးပွားရေးလုပ်ငန်း အချင်းချင်းအကြား (Business to Business–B2B) စီးပွားရေးလုပ်ငန်းနှင့် သုံးစွဲသူဖောက်သည်များအကြား (Business to Customer–B2C) တို့ဖြစ်၏ e-Government က B2B နှင့် B2C မဟုတ်ပါ။
       e-Government က အစိုးရနှင့် နိုင်ငံသူနိုင်ငံသားတို့အကြား (Government to Citizens-G2C)၊ အစိုးရနှင့် စီးပွားရေးအဖွဲ့အစည်းများအကြား (Government to Business-G2B) နှင့် အစိုးရအဖွဲ့အစည်းအချင်းချင်းကြား (Government interagency-G2G) တို့ကို ဦးစားပေးသည်။ e-Government  သွားလိုသည့် ပန်းတိုင်မှာ G2C , G2B နှင့် G2G တို့အကြား၌ မိတ်ဆွေရင်းချာပမာ ဆက်ဆံမှု ရှိရေး၊ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဆက်ဆံနိုင်ရေး၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ရေးနှင့် စရိတ်စကနည်းနည်းဖြင့် ထိထိရောက်ရောက် လုပ်ကိုင်ဆောင် ရွက်နိုင်ရေးတို့ပင် ဖြစ်သည်။
သူ့နည်းသူ့ဟန်
       ကမ္ဘာ့နိုင်ငံအသီးသီးက သူ့နည်းသူ့ဟန်၊ သူ့ရေသူ့မြေ၊ သူ့စရိုက်လက္ခဏာ အစရှိသည့်အရာများအပေါ် အခြေခံကာ e-Government လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေကြပါသည်။ အချို့က အတော်အသင့် ခရီး ရောက်နေကြပါပြီ။ အချို့က စမ်းတ၀ါးဝါးသွားနေဆဲ ဖြစ်ပါသည်။ သို့သော် e-Government လမ်းကြောင်းပေါ်လျှောက်ရာ၌ အတော်ခရီးပေါက်နေသော နိုင်ငံများပင် ၎င်းတို့သုံး၍ရနိုင်သည့်စွမ်းရည် (Potential) ၏ ၂၀% အောက်၌သာ သုံးစွဲနိုင်သေးကြောင်း တွေ့ရ၏ ထို့ကြောင့် e-Government ဟူသော ခရီးသည် လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်တတ်၏
e-Government အဆင့်များ
       ကမ္ဘာ့ကုလသမဂ္ဂ၏သတ်မှတ်ချက်အရ e-Government တိုးတက်ဖွံ့ဖြိုးမှု၌ အောက်ပါအဆင့်များ ပါဝင်ကြောင်း တွေ့ရ၏ ။
       (၁) ပေါ်ထွန်းစအဆင့် (Emerging)- ဤအဆင့်၌ သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်း၏ Website ပိုများလာသည်။
       (၂) တိုးတက်ကြီးထွားမှုအဆင့် (Enhanced) - ဤ အဆင့်       ၌ အစိုးရအဖွဲ့ အစည်းက Website ပိုများလာသည်။ အဖွဲ့အစည်းကပေးသည့် သတင်းမှာလည်း သတင်း “သေ”  မဟုတ်တော့။ အချိန်နှင့်အမျှ ပြောင်းလဲလာသော သတင်း “ရှင် ”  များ ဖြစ်လာသည်။
       (၃)   အပြန်အလှန်ဆက်စပ်မှုအဆင့် (Interactive)- နိုင်ငံသားများ၊ စီးပွားရေးအဖွဲ့အစည်းများက လျှောက်ထားလိုသည်များ အတွက် ပုံစံများကို သက်ဆိုင်ရာရုံးသို့သွားရောက်ဖြည့်စွက်တင်သွင်းစရာ မလိုတော့။ အင်တာနက်၊ အင်ထရာနက်ကွန်ရက်များမှ ရယူဖြည့်စွက် တင်သွင်းနိုင်လာသည်။ တာဝန်ရှိသူ များထံ e-mail ပို့ပြီး အပြန်အလှန်ဆွေးနွေးခွင့်များ ရလာသည်။
       (၄)   အလုပ်ဖြစ်သည့်အဆင့် (Transactional)- နိုင်ငံသားများ၊ စီးပွားရေး အဖွဲ့အစည်းများက e-Government ကိစ္စအ၀၀အတွက် Online သုံးလာပါက သုံးသမျှအတွက် အမှန်တကယ် ငွေပေးချေလာကြ၏
       (၅)   အပြည့်အ၀ပေးနိုင်သည့်အဆင့် (Seamless) အစိုးရ၏ အဖွဲ့အစည်း အားလုံးက e-Services ကို အပြည့်အ၀ပေးနိုင်သည့်အဆင့် ဖြစ်သည်။
အတားအဆီးများ (Barriers)
       e-Government လုပ်ငန်းကို အကောင်အထည်ဖော်သည့်လမ်း၊ လျှောက်လှမ်း ရသည့်ခရီးသည် အတားအဆီမျိုးစုံနှင့် ရင်ဆိုင်ဖြေရှင်းပြီးမှ ရယူ အောင်မြင်နိုင်သည့် ပန်းတိုင်တစ်ခု ဖြစ်ပါသည်။ အဆိုပါ အတားအဆီးများအနက် အဓိကအတားအဆီး(၃)ခုကို တွေ့ရသည်။ ၎င်းတို့မှာ -
       (က) အဖွဲ့အစည်းနှင့် လုပ်ဆောင်မှုဆိုင်ရာ အတားအဆီးများ (Institutional & Operational barriers)၊
       (ခ)   စီမံခန့်ခွဲမှုဆိုင်ရာအတားအဆီးများ (Managerial barriers)၊
       (ဂ)   မူဝါဒနှင့် စီမံကိန်းဆိုင်ရာ အတားအဆီးများ (Policy & Planning barriers) တို့ ဖြစ်သည်။

(2004 ခုနှစ် "ရွှေနွယ်"ရေးသားသော  e-Government စာအုပ် မှ Copy မပေးသဖြင့် စာပြန်ရိုက်ပြီး တင်ပါသည်။)

No comments:

Post a Comment