ဝင်ရောက်ကြည့်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...

Saturday, November 17, 2012

e-governance & e-government



အီလက်ထရောနစ် အုပ်ချုပ်ရေး (e-governance) နှင့် အီလက်ထရောနစ် အစိုးရ (e-government) တို့သည် အမြင်တူသော်လည်း အသွင်မတူပေ။ တိုင်းပြည်ကို အုပ်ချုပ်ရသည့် အစိုးရနှင့် ထိုအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစနစ် တို့သည် ခေါင်းနှင့် ပန်းပမာ ဆက်စပ်နေရသည်။

အီလက်ထရောနစ် အုပ်ချုပ်ရေးသည် အစိုးရနှင့်ပြည်သူ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြားတွင် အပြန်အလှန် အကျိုးပြုရမည့်အသွင်ဆောင်သည်။ အစိုးရအဖွဲ့သည် မိမိတို့အုပ်ချုပ်မှုကို ပွင့်လင်းပြီးပြည်သူတို့ ထင်သာမြင်သာရှိစေရန် ပြုလုပ်ပေးရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ပေးနိုင်ရန်အတွက် အီလက်ထရောနစ် အုပ်ချုပ်ရေးကလည်း များစွာအထောက်အကူပြု နိုင်ပါသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အလာလမ်းရိုးဖြင့် သွားရန်မဖြစ်နိုင်တော့ ပါ ဗြူရိုကရေစီနည်းများ၊ ကြိုနီစနစ်များ၊တံခါးပိတ်စနစ်များသည် ခေတ်မမီတော့ပေ။ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသောခေတ်တွင် အချိန်ကိုက် ထုတ်ပြန်စရာများ ထုတ်ပြန်မည်၊ လိုက်နာကျင့်သုံးပြီး အကျိုးရှိအောင် လုပ်သင့်လုပ်ထိုက်လျှင် လိုက်လုပ်ကြမည်။ ကမ္ဘာပြားပြီဆိုသည်မှာ နည်းပညာကြောင့် အတားအဆီးများ ကွယ်ပျောက်သွားရသည့်သဘောကို ဆောင်ပါသည်။ နည်းပညာရေစီးကြောင်းကို မတားဆီးနိုင်။ တားဆီးလျှင်တိုက်စားသွားမှုကို ခံရပြီး မြောပါသွားနိုင်သည်။ နည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်သောအမြင်ရှိသူ အားလုံးကို ခေါ်ဆောင် လာသည်။ ကာဆီးမှုများကို ရိုက်ချိုးကျော်ဖြတ်သွားလိမ့်မည်။

အစိုးရနှင့်ပြည်သူ အပြန်အလှန် အကျိုးပြုမှုဆိုသည်မှာ ဝန်ဆောင်မှု၊ သတင်း အချက်အလက်များ ဖလှယ်နိုင်မှု၊ ဆက်သွယ်ရေး၊ ရောင်းဝယ်ဖောက်ကားရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးများ အားလုံးပါဝင်သည်။

အီလက်ထရောနစ် အုပ်ချုပ်ရေးစနစ်သည် အိုင်စီတီကို ကောင်းစွာ အသုံးချပြီး နိုင်ငံ အတွင်းရှိ ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ အပြန်အလှန် အကျိုးပြုနိုင်ရေးသာ ဖြစ်သင့်ပါသည်။ အီလက်ထရောနစ် အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ရခြင်းသည် သန့်ရှင်းသော အစိုးရကောင်း တစ်ရပ် ဖော်ဆောင်နိုင်ရေးကိုသာ ဦးတည်ထားရမည်ဖြစ်ပါသည်။ အစိုးရကောင်း၊ မကောင်းဆိုသည်မှာ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကောင်း၊ မကောင်းတို့ဖြင့်သာ တိုင်းတာကြရပါသည်။

ပြည်သူတွေကို မျက်စီဖွင့်၊နားဖွင့် အပေးနိုင်ဆုံး အစိုးရကို အစိုးရကောင်း တစ်ရပ် အနေဖြင့် သတ်မှတ်ကြသည်။ အစိုးရတစ်ရပ်သည် အိုင်စီတီကို ထိရောက်စွာ အသုံးချနိုင်စေရန် စီစဉ်ပေးခြင်း၊ ကိုယ်တိုင်လည်း အိုင်စီတီဖြင့် ထိရောက်စွာ သတင်းထုတ်ပြန်ပေးနိုင်ခြင်း၊ အချိန်မရွေး၊ နေရာမရွေး အိုင်စီတီဖြင့် အစိုးရ နှင့် ပြည်သူကို ဆက်သွယ်နိုင်ရန် အခွင့်အလမ်းများပေးခြင်းသည် Transparency ရှိခြင်းဖြစ်ပါသည်။

ပြည်သူကို သတင်းအချက်အလက်များ ထုတ်ပြန်ပေးရာတွင် ပြန်ကြားပေးခြင်း၊ ထုတ်ဖော်ပေးခြင်း၊ တိုက်တွန်းခြင်း၊ အကြံပြုခြင်း၊ ပူးပေါင်းပါဝင်စေခြင်းတို့သည် အထိရောက်ဆုံးနည်းများဖြစ်သည်။ ပြည်ပ၊ မီဒီယာ၏လွှမ်းမိုးမှုကို မခံချင် လျှင် ပြည်တွင်းမီဒီယာ အားကောင်းစေရန်၊ ပွင့်လင်းမြင်သာစေရန် လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။

အစိုးရအနေဖြင့် အွန်လိုင်းဝန်ဆောင်မှုကို အများဆုံးဆောင်ရွက်လေ အကောင်းဆုံးနှင့် အမြန်ဆုံးထိရောက်စွဖြင့် အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်လေဖြစ်သည်။ အိုင်စီတီသည် အစိုးရ အုပ်ချုပ်ရေးကို မြန်ဆန်သွက်လက်စေရန်၊ အထင်သာမြင်သာ ရှိစေရန်၊ တာဝန်ယူမှုရှိကြောင်း သိသာစေရန်၊ ထိရောက်မှုရှိစေရန်၊ အကျိုးဆောင်ပေး ပါလိမ့်မည်။ အရှိတရားကို အသိတရားဖြင့် ဆင်ခြင်နိုင်ရန်လိုသည်။

အီလက်ထရောနစ် အုပ်ချုပ်ရေးစနစ်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်လျှင် အချိန်ကုန်သက်သာမည်။ အပိုဝန်ထမ်းများကို လျော့ချနိုင်မည်။ ပြည်သူ့ဘဏ္ဍာ သက်သာစေနိုင်မည်။ ပြည်သူသို့ ၂၄နာရီ အချိန်ပြည့်ဝန်ဆောင်မှုကို ရုံးကြီး တစ်ရုံး၊ လူပေါင်းများစွာသုံးပြီး အကောင်အထည်ဖော်မည်လော။ အွန်လိုင်းမှတစ်ဆင့် ကွန်ပျူတာတစ်လုံးဖြင့် ထိန်းချုပ်နိုင်မည်လော စဉ်းစားဆုံးဖြတ်ရမည့်ခေတ်ရောက်ပြီကို သိမြင်စေချင်ပါသည်။

                                                                 အယ်ဒီတာ(itizen)(http://www.myanmarevents.com)မှ

No comments:

Post a Comment