ဝင်ရောက်ကြည့်ရှုသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...

Saturday, November 17, 2012

ကောင်းမွန်သော အွန်လိုင်းအစိုးရ စနစ်ဆီသို့


၂၁ရာစုအတွင်း အချိန်နှင့်အမျှ ပြောင်းလဲလာနေသော နည်းပညာ များစွာတို့၏ လှိုင်းကယက်နှင့်အတူ ဖွဲ့စည်းပါဝင် နေကြသော လူသားတို့၏ နိစ္စဓူဝ လုပ်ငန်းစဉ် များသည်းလည်း သမားရိုးကျ ဆောင်ရွက်လုပ်ကိုင် နေကြရာမှ နည်းပညာ လှိုင်းကို စီးနင်း၍ အသွင်သဏ္ဍာန်သစ်ကို ယူကာ ကျွနိုပ်တို့၏ နေ့စဉ် ဘဝထဲသို့ စိမ့်ဝင်ပျံ့နှံ လာနေကြောင်း သတိပြုမိကြမည် ဖြစ်ပါသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (Information and Communication Technology - ICT) ကောင်းစွာ ဖွံ့ဖြိုးလာသည်နှင့် အတူ ယင်း ICT အား ထိရောက်စွာ အသုံးချထားသည့် အီလက်ထရွန်နစ် စနစ်သုံး အစိုးရ (Electronic Government) သို့မဟုတ် eGovernment (eGov) ဟူသော ပညာရပ် (Discipline) တစ်ခုလည်း ပေါ်ပေါက်လာခဲ့ ပါသည်။
ဤတွင် eGovernment (သို့မဟုတ်) အွန်လိုင်းအစိုးရစနစ် (Online Government System) အား ကျွန်တော့်အနေဖြင့် ပညာရပ် (Discipline) ဟူ၍သာ သုံးနှုန်းခဲ့ပါသည်။ eGovernment သည် အလှကုန် ပစ္စည်း (Product/Goods) လော၊ ဝန်ဆောင်မှု (Service)လော၊ လုပ်ငန်းဆောင်ရွက် လည်ပတ်မှု နည်းစနစ် (Process)လော ဟူသည့် မေးခွန်းပေါင်း စွာတို့အား လေ့လာပြီးသည့် နောက်တွင် (eGov)အား Discipline တစ်ခု အနေဖြင့်သာ သဘောယူ၍ ဆွေးနွေးခြင်းက ပို၍ အဆင်ပြေမည် ဖြစ်ကြောင်း တွေ့ရှိခဲ့ ရသောကြောင့် ဖြစ်ပါသည်။
၂၀၁၀ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ တာဝန်ယူခဲ့ပြီးချိန်မှ စ၍ အစိုးရ အဆင့်ဆင့်တို့၏ လုပ်ငန်းဆောင်ရွက်မှု များနှင့် ပတ်သက်၍ သန့်ရှင်းသော အစိုးရ (Clean Government) နှင့် ကောင်းမွန်သော အုပ်ချုပ်မှု (Good Governance) ဖြစ်ထွန်း လာစေရန် ကြိုးပမ်းသွားမည် ဟူ၍ အသိပေး ထုတ်ပြန်ခဲ့သည်။ အစိုးရသစ် တက်ရောက်လာပြီး သည့်နောက်တွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အသီးသီးတို့ကလည်း အစိုးရအဖွဲ့သစ်၏ မူဝါဒကို အကောင်းအထည် ဖော်ဆောင်နိုင်ရန် အလို့ငှာ မိမိတို့ ဝန်ကြီးဌာန အသီးသီးနှင့် လက်အောက်ခံ အစိုးရ အဖွဲ့အစည်း အသီးသီးတို့၏ လုပ်ငန်းဆောင်တာများအား အွန်လိုင်းအစိုးရ စနစ်အသွင်သို့ ချောမောစွာ ကူးပြောင်း ဆောင်ရွက်နိုင်ရေး အတွက် ယခင်ကာလထက် ပိုမို၍ အရှိန်အဟုန် မြှင့်ကာ အားထုတ်ကြိုးပမ်းလျက် ရှိနေကြပါသည်။

အချိုသော ဝန်ကြီးဌာနများသည် ၂၀၀၅ခုနှစ် ခန့်မှ စတင်၍ အွန်လိုင်း အစိုးရစနစ် ဖြစ်ပေါ် စေရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ၂၀၀၈ခုနှစ်၊ သြဂုတ်လကုန် အထိ ဝန်ကြီးဌာန (၂၈)ခုတို့သည် ဝန်ကြီးဌာန ကိုယ်စားပြုသည့် အင်တာနက် စာမျက်နှာ (Web Page)များ လွှင့်တင်နိုင်ခဲ့ကြပါသည်။ အများစုမှာ မိမိတို့၏ web page များကို ပြင်ပမှ ICT ကျွမ်းကျင်သူ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ရာ အွန်လိုင်းစနစ် တစ်ခုတွင် ထည့်သွင်းဖော်ပြ ပေးရမည့် အကြောင်းအရာ (web content)၊ စာမျက်နှာ အပြင်အဆင် (web design and layout)၊ စသည်တို့တွင် လိုအပ်ချက်များ ရှိနေခဲ့ကြသည်။ ယင်အပြင် ပို၍ ဆိုးရွားစေသော အချက်မှာ မိမိတို့၏ web page များအား စီမံခန့်ခွဲသူ (web administrator) ထား၍ မိမိတို့ ဝန်ကြီးဌာနများ၏ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီသော အချက်အလက်များ၊ ကိန်းဂဏန်းများအား web page များတွင် လွှင်တင်မပေး နိုင်ခြင်းပင်ဖြစ်သည်။

ဤအချက်အလက်သည် Clean Government သို့ ချီတက်ရာတွင် အွန်လိုင်းအစိုးရ စနစ်တွင် ပါဝင်လာမည့် ပြည်ထောင်စု အဆင့် ဝန်ကြီဌာနများက ကောင်းစွာ အလေးပေးရမည့် အချက်ပင် ဖြစ်သည်။ ကမ္ဘာဘဏ်၏ လေ့လာချက်တစ်ရပ်အရ eGov စနစ်ကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်း တစ်ခုသည် (၁) အချက်အလက် ထုတ်ပြန်ခြင်း (Publish)(P)၊ (၂) သုံးစွဲသူ လူထုနှင့် ထိတွေ့မှု ရယူခြင်း (Interact)(I) နှင့် (၃) ပြည်သူလူထုအား ဝန်ဆောင်မှုပေးခြင်း (Transact)(T) စသည့် အဆင့် (၃)ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် စီမံဆောင်ရွက် သင့်ကြောင်း အကြံပြု တင်ပြထားပေးသည်။ ဆော့ဖ်ဝဲရေးသာခြင်း လုပ်ငန်းစဉ် (Software Development Process)တွင် အစဉ်အလာ သမားရိုးကျ ပုံစံဖြစ်သော ရေတံခွန်ပုံစံ ဆော့ဖ်ဝဲရေးသားခြင်း (Waterfall Model) ဟူ၍ ရှိပါသည်။ အွန်လိုင်းအစိုးရစနစ် လုပ်ငန်းစဉ်အား ရေတံခွန်ပုံစံနှင့် နှိုင်းယှဉ်ပြောဆိုပါက ဖော်ပြပါ အဆင့် (၃)ဆင့် (P I T)ကို အောက်ပါပုံစံ အတိုင်း အကာင်အထည် ဖော်ဆောင်သွားသင့် ပါသည်။

အချက်အလက် ထုတ်ပြန်ခြင်း အဆင့်တွင် eGov စနစ်အရ web page တင်မည့် အဖွဲ့အစည်က မိမိကိုယ်စားပြုသည့် အဖွဲ့အစည်းနှင့် ပက်သက်သော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အချက်အလက်များ၊ အသုံးပြုနေသော စာရေးသား တင်ပြရမည့် လျှောက်လွှာပုံစံများ၊ လုပ်ဆောင်ချက်များအား နိုင်ငံသာ (Citizen)များသို့ Online မှ ဖော်ထုတ်ပြသ သွားရပါမည်။ Publish လုပ်ရာတွင် မိမိတို့ eGov စနစ်အား သုံးစွဲသူ ပြည်သူလူထု (Citizen Customer) များ၏ ရှုထောင့် (Perspective)မှ ကြည့်ရှု၍ စိတ်ဝင်စားဖွယ် ဖြစ်အောင် အချက်အလက် (Data)၊ သတင်း (Information)၊ ရုပ်ပုံ (Still Image)၊ အသံဖိုင် (Audio File)၊ ရုပ်ရှင်ဖိုင် (Video File)၊ စသည်တို့ဖြင့် Web Page တွင် ပြင်ဆင်ထုတ်ပြန် ပေးသွားသင့်ပါသည်။ Web Page တွင် တင်မည့် အကြောင်းအရာ (Content)များသည် မိမိတို့ ဦးတည်ရည်ရွယ်သည့် သုံးစွဲသူ အုပ်စုကို သက်ရောက်မှု ရှိစေရန် ရုံးသုံးဘာသာစကား၊ ဒေသသုံးဘာသာစကား စသည်တို့ဖြင့် ထုတ်ပြန်ပေး နိုင်ရပါမည်။ Web Page ပေါ်တွင် လွှင်တင် ထုတ်ပြန်မည့် အကြောင်းအရာများ ပမာဏများပြား နေပါက ယင်းတို့အနက်မှ တခြားသော အရန် ရည်မှန်းချက်များ (ဥပမာအားဖြင့် - စီးပွားရေးဖွံ့ဖြိုးမှု၊ ဆင်းရဲနွမ်းပါမှု လျှော့ချရေး၊ မှုခင်းတိုက်ဖျက်ရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြင့်မားရေး) အားပံပိုးပေးနိုင်မည့် ချိတ်ဆက် အကြောင်းအရာများကို ဦးစားပေး၍ ထုတ်ပြန်သင့် ပါသည်။

eGov စနစ်အား အကောင်အထည်ဖော်သည့် ဒုတိယအဆင့်တွင် သုံးဆွဲသူနှင့် ထိတွေ့မှု ရယူသင့်သည့် အဆင့် (Interact) ဖြစ်ပါသည်။ အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း အဆင့်ဆင့်တို့၏ မူဝါဒပိုင်း ဆိုင်ရာချမှတ် အကောင်အထည် ဖော်ဆောင်မှုများတွင် နိုင်ငံသူ၊ နိုင်ငံသားတို့အား ပါဝင်ထိတွေ့ ရယူမှုရှိစေခြင်း အားဖြင့် အစိုးရ အဆင့်ဆင့်၏ အုပ်ချုပ်မှုယန္တယား လည်ပတ်လုပ်ဆောင်မှု အပေါ်တွင် ယုံကြည်ကိုးစားမှုများ၊ ပိုမိုလာစေနိုင်မည် ဖြစ်ပါသည်။ သိုဖြစ်၍ Web Page တင်မည့် သက်ဆိုင်ရာ အဖွဲ့အစည်း (သို့) ဌာနသည် မိမိဌာနနှင့် ဆက်သွယ်မှု ပြုလုပ်နိုင်မည့် အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်(က်စ်)နံပါတ်၊ မြေပြင်ရှိ ဆက်သွယ်ရန် လိပ်စာ တို့ကို အင်တာနက်စာမျက်နှာ၏ ဆက်သွယ်ရန် (Contact) အောက်တွင် ရေးသား ထည့်သွင်းထားရန် လိုအပ်ပါသည်။ ဖြစ်နိုင်ပါက ယင်း web page ပေါ်တွင်ပင် တိုက်ရိုက် အကြံပြု ရေးသားပေးပို့နိုင်သည့် (On-site feedback format) ပုံစံကို (web design) စတင်ကတည်းက ထည့်သွင်း ရေးသားထားသင့်ပါသည်။

တတိယအဆင့်မှာ ပြည်သူအား ဝန်ဆောင်မှု ပေးခြင်း (Transact) အဆင့် ဖြစ်သည်။ ဤအဆင့်သည် အွန်လိုင်းအစိုးရ စနစ်၏ အန္တိမပန်းတိုင် တစ်ရပ်လည်း ဖြစ်ပါသည်။ တိုင်းပြည်အတွင်းရှိ သုံးစွဲသူပြည်သူ၊ ပြည်သား တို့အား ယေဘုယျအားဖြင့် ယင်းတို့ လုပ်ကိုင်ဆောင်ရွက်လေ့ ရှိကြသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ခြင်း၊ စည်ပင်သာယာ အခွန်တော်များ ပေးဆောင်ခြင်း၊ ယာဉ်မှတ်ပုံတင် အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်း၊ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ခြင်း၊ တင်ဒါပေးသွင်းခြင်း၊ ကျောင်းသားမှတ်ပုံတင်ခြင်း၊ မွေးစာရင်းနှင့် သေစာရင်း ထုတ်ပေးခြင်း၊ အစရှိသည့် အမျိုးမျိုးသော အကြောင်းကိစ္စများအား အင်တာနက် စာမျက်နှာများမှ တဆင့် အွန်လိုင်းစနစ်ကို အသုံးချလျက် ဝန်ဆောင်မှု ပေးခြင်းကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း၊ ဌာနတို့က ဆောင်ရွက်လုပ်ကိုင် ပေးနိုင်ရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်း တစ်ခုအနေဖြင့် ပြည်သူလူထုအား အွန်လိုင်းဝန်ဆောင်မှု ပေးနိုင်ရန်အတွက် စဉ်းစားစီစဉ်ရာတွင် မိမိတို့၏ ဝန်ဆောင်မှုသည် နယ်မြေဒေသအားဖြင့် လည်းကောင်း၊ ငွေကြေးကုန်ကျမှုအနေဖြင့် လည်းကောင်း၊ အကျိုးကျေးဇူး ရရှိနိုင်မည့် သုံးစွဲသူ အင်အား (Public Coverage) မည်မျှအထိ ရောက်ရှိနိုင်မည် ကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။

အထက်တွင် ဖော်ပြခဲ့သော အဆင့်(၃)ဆင့်ပါ အွန်လိုင်းအစိုးရ စနစ်ပုံစံ (Three phase eGovernment model) ကျင့်သုံး ဆောင်ရွက်ရာတွင် ပုံစံခွက် ပမာတစ်သဝေမတိမ်း ကောင်အထည် ဖော်ဆောင်နေရန် မဟုတ်ဘဲ အွန်လိုင်းအစိုးရ စနစ်အား လွှင်တင်မည့်ဌာန၏ လက်ရှိ ကျင့်သုံးနေသည့် အနေအထား၊ သုံးစွဲသူများ၏ တုန့်ပြန်မှု၊ နိုင်ငံတော်အတွင်း ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လိုက်လျောညီထွေစွာ ပြုပြင်၍ လုပ်ကိုင်ကြရန်သာ ဖြစ်သည်ကိုလည်း သတိပြုသင့် ကြပါသည်။

လေ့လာသူပညာရှင်၏ အဆိုအရ ကမ္ဘာတစ်ဝန်းရှိ eGov စနစ်ကို အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိ နေကြသော နိုင်ငံပေါင်း (၁၈၃)နိုင်ငံ တို့အနက် ထိရောက်ကောင်းမွန်သော eGov စနစ်အား ကြိုတင်ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းစဉ်များ၏ ရည်မှန်းချက်ကို ကျော်လွန်အောင် လုပ်ဆောင်နိုင်ခဲ့ကြသော နိုင်ငံများမှာ မြောက်အမေရိကတိုက်မှ ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတို့ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂက ၂၀၁၀ခုနှစ်တွင် ကောက်ယူခဲ့သော eGov ဖွံ့ဖြိုးမှု ညွှန်းကိန်းစစ်တမ်း (eGov development index-EDI) အရမူ အာရှသား တောင်ကိုရီးယားက ယင်း(၂)နိုင်ငံကို ကျော်တက်ခဲ့သည်။ ကိုရီးယားတို့ ၂၀၁၀စစ်တမ်းတွင် ထိပ်ဆုံးအဆင့် (၃)နေရာတွင် ရပ်တည်နိုင်ခဲ့သည့် အကြောင်းရင်းကို ရှာသော် အထက်တွင် ဖော်ပြခဲ့သည့် အဆင့် (၃)ဆင့်တို့အား အဆင့်လိုက် အချိန်ကိုက် ဖော်ဆောင်နိုင်ခဲ့ ကြပြီး၊ တတိယအဆင့် Transact ကို ပြည်သူထံသို့ ထိရောက် ကျယ်ပြန့်စွာ ရောက်ရှိအောင် ကျင့်သုံးနိုင်ခဲ့သောကြောင့် ဖြစ်ကြောင်း တွေ့ရှိနိုင်မည် ဖြစ်ပါသည်။ ဖော်ပြပါ(၁၈၃)နိုင်ငံတို့ အနက် မြန်မာနိုင်ငံ၏ အဆင့်မှာ (၁၄၁)ဖြစ်၍၊ အာဆီယံ(၁၀)နိုင်ငံ (တိမောလက်စ်တေ မပါလျှင်) တွင် ကျွန်တော်တို့ နောက်၌ လာအိုနိုင်ငံသာ ရှိပါတော့သည်။ ၂၀၀၈ ခုနှစ် EDI တွင် မြန်မာနိုင်ငံသည် နိုင်ငံအလိုက်အဆင့် (၁၄၄)တွင် ရပ်တည်ခဲ့သဖြင့် အဆင့်ကို ကြည့်၍ တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း ညွှန်းကိန်းတန်ဖိုး (EDI Value) သည် ၀.၂၉၂၂ (၂၀၀၈)မှ ၀.၂၈၁၈ (၂၀၁၀) သို့ လျှော့နည်းသွားသည်ကို တွေ့ရှိရခြင်းအားဖြင့် မိမိတို့နိုင်ငံ တစ်နိုင်ငံတည်း အနေဖြင့်မူ eGov ဖွံ့ဖြိုးတန်ဖိုး ကျဆင်းသွားသည်ကို တွေ့ရပေမည်။

အောင်မြင်သော eGov စနစ်တစ်ခုဖြစ်ပေါ် လာစေရန် (၁) အစိုးရ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ရန် လိုအပ်မည့် ဦးစားပေး ဖွံ့ဖြိုးမှု လိုအင်များ (Priority Development Needs)၊ (၂) အစိုးရ၏ ပါဝင်မှုတွင် စွမ်းဆောင်ရည်ရှိမှုနှင့် ထိရောက်မှုတို့အား အရေးပါသည့် အောင်မြင်ရေးစံများ (Efficiency andEffectiveness as Success Criteria) အဖြစ် သတ်မှတ်ထားရေး၊ (၃) ရန်ပုံငွေနှင် ဘတ်ဂျက်လုံလောက်စွာ ရရှိနိုင်မှု (Sufficient Funding)၊ (၄)နိုင်ငံဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် ယဉ်ကျေးမှုဝန်ကျင် (Skills and Culture of Civil Service)၊ (၅) ပေါင်းစပ်ညှိနှိုင်းမှု (Co-ordination)၊ (၆) တရားဥပဒေဆိုင်ရာ ဘောင်ထားရှိခြင်း (Legal Framework)၊ (၇) ICT အခြေခံ အဆောက်အဦများ တည်ဆောက်ထားရှိမှု (ICT Infrasturcture)၊ (၈) နိုင်ငံရေးအရ ခေါင်းဆောင်မှု ရရှိခြင်း (Political Leadership)၊ (၉) ပြည်သူများ၏ ပူးပေါင်းပါဝင်မှု (Citizen Engagement)၊ (၁၀) လူအရင်းအမြစ်နှင့် နည်းပညာ ဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေးအတွက် အစီအမံများ (Plans for Development of Human Capital and Technical Infrastructure)၊ (၁၁) ပူးပေါင်းလုပ်ကိုင်မှုများ (Partnerships)၊ (၁၂) စဉ်ဆက်မပြတ် ကွပ်ကဲထိန်ချုပ်ခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation) စသည့် အခြေခံမူ (၁၂)ရပ်ဖြင့် တိုင်းတာလျက် အကောင်အထည် ဖော်ဆောင်သွားကြောင်းကိုလည်း ကမ္ဘာ့ကုလသမဂ္ဂမှ ၂၀၀၃ ခုနှစ်တွင် ထုတ်ပြန်သည့် ပြည်သူ့ရေးရာ အစီရင်ခံစား တစ်ရပ်တွင် ဖော်ပြထားပါသည်။
မိမိတို့၏ အွန်လိုင်းစာမျက်နှာများသို့ ဝင်ရောက်သုံးစွဲ ကြည့်ရှုကြမည့် ပြည်သူများအနေဖြင့် ယင်းတို့ လိုအပ်သော သတင်းအချက်အလက်များအား မိမိတို့၏ စာမျက်နှာများတွင် မည်သို့ မည်ပုံ ဖွဲ့စည်း တင်ပြထားသည်ကို အလွယ်တကူ အချိန်နှင့် ငွေကြေးသက်သာစွာ သိရှိနိုင်ရန် စာမျက်နှာ လမ်းညွှန် (Sitemap) ကိုလည်း ထည့်သွင်း၍ လွှင်တင်ထားသင့် ပါသည်။ ယင်းအပြင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်များ၊ ဌာနများ အနေဖြင့် အစဉ်အလာအရ မိမိတို့ လုပ်ကိုင်ဆောင်ရွက် နေကြရသော လုပ်ငန်းသဘော သဘာဝများနှင့် အတွေ့အကြုံ များအပေါ် မူတည်၍ အွန်လိုင်း အသုံးပြု သူများ မေးမြန်း လာနိုင်သည့် (သို့တည်းမဟုတ်) မေးမြန်းနေကြသည့် ကိစ္စရပ်များအား "အမေးများသည့် မေးခွန်းများ" (Frequently Asked Questions - FAQs) ဟူသော ခေါင်းစဉ်တစ်ခုကို ဖွဲ့စည်း ရေးဆွဲလျက် အမေးနှင့် အဖြေများ ပူးတွဲ၍ အွန်လိုင်းစနစ်တွင် လွှင့်တင်ထား သင့်ပါသည်။

ယခုဆိုလျှင် Electronic Government ဟူသော စကားရပ်ကို အမေရိကန် ပြည်ထောင်စုက ပထမဆုံး တရားဝင် သုံးစွဲခဲ့သည့် ၁၉၉၃ခုနှစ်မှ စတင်၍ ရေတွက်လျှင် eGov ၏ သက်တမ်းသည် ဆယ်စုနှစ် (၂)စု တိုင်ပေတော့မည်။ မြန်မာစကားပုံးတွင် "အကြံတူနောက်လူသာစမြဲ" ဟူသော စကား ရှိပါသည်။ နိုင်ငံတကာတွင် အွန်လိုင်းအစိုးရ စနစ်ပုံစံကို မိမိရှေ့က အဦးဆုံး အကောင်အထည် ဖော်ဆောင်ခဲ့သည်များကို စနစ်တကျ ကောင်းစွာ လေ့လာဆန်းစစ်ကြလျှင် အမိမြန်မာနိုင်ငံတော်တွင် ကောင်းမွန်သော အွန်လိုင်းအစိုးရ စနစ်တွင် ပီပြင်လျင်မြန်စွာ ကျင့်သုံးလာနိုင် ကြပါစေကြောင်း နှစ်ဦးတွင် ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။
-ဒေါက်တာအောင်ကျော်ဦး (ဆိုးလ်အမျိုးသားတက္ကသိုလ်)
eGovernment, Internet Journal (Vol. 13, No. 10)

No comments:

Post a Comment